top of page

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်ပြီးနောက် အင်တာနက် ဖြတ်တောက်၊ အပြင်မထွက်ရအမိန့်ထုတ်

Writer's picture: Shwe ThaiShwe Thai

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်မှာ လူတွေသေစေခဲ့တဲ့ လူမျိုးရေးပဋိပက္ခနဲ့ ဆန္ဒပြသူတွေနဲ့ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပွားခဲ့လို့ အပြင်မထွက်ရအမိန့်ထုတ်ပြန်ပြီးတဲ့နောက် အာဏာပိုင်တွေက အင်တာနက်ဖြတ်တောက်ဖို့ အင်္ဂါနေ့က ထပ်မံအမိန့်ထုတ်ခဲ့ပါတယ်။

မဏိပူရပြည်နယ်ဟာ လူအများစုဖြစ်တဲ့ ဟိန္ဒူမေ့ထေး (ကသည်း) နဲ့ အဓိကအားဖြင့် ခရစ်ယာန်ဘာသာဝင် ကူကီး အသိုက်အဝန်းတို့အကြား အခါအားလျော်စွာ အချင်းများမှုတွေဖြစ်နေတာ တနှစ်ကျော်ကြာပြီဖြစ်ပြီး ပြည်နယ်အတွင်းမှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေခဲ့တာပါ။

လအတန်ကြာ ငြိမ်သက်နေရာကနေ အသိုက်အဝန်းနှစ်ခုအကြား ပဋိပက္ခတွေ ထပ်ဖြစ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။


ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေ ငြိမ်သက်သွားစေဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက ပြည်နယ်အတွင်းမှာ အင်တာနက်နဲ့မိုဘိုင်းဒေတာဝန်ဆောင်မှုအားလုံး ငါးရက်ပိတ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

“တချို့လူတွေက လူတွေရဲ့စိတ်ကိုဆွဖို့ ရုပ်ပုံတွေ၊ အမုန်းစကားတွေနဲ့ ဗီဒီယိုဖိုင်တွေကိုဖြန့်ဝေဖို့ လူမှုမီဒီယာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်လောက်တယ်။ သတင်းမှားနဲ့ မဟုတ်မမှန် ကောလာဟလတွေ ပျံ့နှံ့နေတာကို တားဆီးပြီး အများပြည်သူ အကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးရေးထိန်းသိမ်းဖို့ လုံလောက်တဲ့ အစီအမံတွေ လုပ်ဖို့ လိုအပ်လာပြီ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မနှစ်ကလည်း မဏိပူရပြည်နယ်မှာ လူမျိုးရေးပဋိပက္ခ ပထမအကြိမ်ဖြစ်ပွားတုန်းက လူပေါင်း ၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အင်တာနက်ဝန်ဆောင်မှုတွေကို လအတော်ကြာ ပိတ်ထားခဲ့တာပါ။

လူမျိုးရေးတင်းမာမှုတွေ ဆက်ဖြစ်နေသေးတာကြောင့် မဏိပူရပြည်နယ်က ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။ပဋိပက္ခတွေအတွင်း လက်လုပ်လက်နက်တွေနဲ့ ဒရုန်းတွေကိုပါ သုံးလာကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်က လူ ၁၁ ယောက် သေစေခဲ့တာကြောင့် ပဋိပက္ခက အရှိန်မြင့်လာပြီလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။


ကသည်းလူမျိုးနဲ့ ကူကီးလူမျိုးတို့ဟာ မြေယာနဲ့ အစိုးရအလုပ်အကိုင်တွေအတွက် ပြိုင်ဆိုင်ရင်း ကာလရှည်ကြာ တင်းမာမှုတွေ ဖြစ်နေကြတာဖြစ်ပါတယ်။

ဒေသန္တရခေါင်းဆောင်တွေက နိုင်ငံရေးအကျိုးအမြတ်အတွက် တိုင်းရင်းသားသဘောထားကွဲလွဲမှုတွေကို ပိုမိုဆိုးရွားအောင်လုပ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

မဏိပူရပြည်နယ်ကို ဝန်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရာတီယာ ဂျာနာတာပါတီက အုပ်ချုပ်နေတာဖြစ်ပါတယ်။


Source from MIZZIA NEWS

၃ views၀ comments

Comentários


bottom of page