top of page

အယုဒ္ဓယမှာ အထောက်ထားမဲ့ မြန်မာတစ်ရာကျော် ဖမ်းဆီးခံရ

Writer's picture: Shwe ThaiShwe Thai

အယုဒ္ဓယမှာ အထောက်ထားမဲ့ မြန်မာတစ်ရာကျော် ဖမ်းဆီးခံရ။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်၊ ဥထိုင်မြို့နယ်မှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ထိုင်းအာဏာပိုင်တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာတစ်ရာကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြောပါတယ်။

shwethai.com

ဒီဇင်ဘာ ၈ ရက်နေ့က ဝင်ရောက်စစ်ဆေးချိန် ဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီအထဲက ၃၇ ဦးကတော့ မကြာသေးခင်ကမှ မယ်ဟောင်ဆောင်ခရိုင်ကနေတစ်ဆင့် တောလမ်းကနေ ဖြတ်ကျော်လာတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။


“ဖမ်းဆီးခံရသူ တစ်ရာကျော်ကို စိစစ်လိုက်တဲ့အခါမှာ ရောက်တာ ရက်ပိုင်းလောက်ပဲရှိသေးတဲ့ စစ်ဘေးရှောင်လာတဲ့ မြန်မာ ၃၇ ယောက် ပါတယ်။ အမျိုးသား ၂၆ ယောက်၊ အမျိုးသမီး ၁၁ ယောက်က မြန်မာပြည်ကနေ စစ်ဘေးရှောင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ကနေ တောလမ်းအတိုင်းပဲ သူတို့ ဝင်လာကြတာဖြစ်တယ်။ ပွဲစားကို ဘတ်တစ်သောင်းခွဲကနေ နှစ်သောင်းအထိ ပေးပြီးတော့ အဲဒီဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်လာတာ။


သူတို့က နေ့စားခအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဘတ် ငါးရာကနေ ခြောက်ရာအထိ ရတယ်ဆိုတဲ့အကြောင်း ထွက်ဆိုတယ်။ အခြားသူတွေကတော့ အထောက်အထားမဲ့ မြန်မာတွေ ဖြစ်တယ်”

မယ်ဟောင်ဆောင်ခရိုင်ဟာ စစ်ရေးပြင်းထန်နေတဲ့ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ဒေသဖြစ်ပါတယ်။


မကြာခင်မှာ စာရွက်စာတမ်း အထောက်အထားသစ် ပန်းရောင်ကတ်ကို လုပ်ပေးတော့မှာ ဖြစ်တဲ့အတွက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဒီဇင်ဘာလအတွင်း မဖမ်းဆီးဘူးလို့ ထိုင်းအစိုးရက ကြေညာထားပေမဲ့ လုပ်ငန်းခွင်အတွင်း ရှိနေတဲ့သူတွေကိုတော့ တရားမဝင် အလုပ်လုပ်ကိုင်ခွင့် မပေးထားတဲ့အတွက် ဖမ်းဆီးခံရတာလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။


ဖမ်းဆီးခံရသူတွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ဒဏ် ၄၅ ရက် ချမှတ်ခံရပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကလည်း အယုဒ္ဓယခရိုင်၊ ဥထိုင်မြို့နယ်ထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၆၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။


မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာအထိ ဆယ်လအတွင်း မြန်မာ ၅၄၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားပါတယ်။


Source from RFA BURMESE

၀ views၀ comments

Comments


bottom of page