မလေးရှားမှာ တစ်ပတ်အတွင်း မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ဒီဇင်ဘာ ၁၀ ရက် ဒီနေ့ပြောပါတယ်။
သူတို့ဟာ မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ထဲမှာ ဒီဇင်ဘာ ၃ ရက်ကနေ ၉ ရက်အတွင်း ဖမ်းဆီးခံရတာဖြစ်ပြီး မကြာသေးခင်ကရောက်လာတဲ့ မြန်မာတွေ အများစု ဖမ်းဆီးခံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မလေးရှားရောက် မြန်မာတွေကို အကူအညီပေးသူတစ်ဦးက ပြောပါတယ်။
“မနက်ဖြန် တရားရုံးချုပ်မှာ လိုက်ထုတ်ပေးရမဲ့သူတွေ နည်းတာမဟုတ်ဘူး။ သူတို့ဖမ်းတာတော့ အစုံဖမ်းတာပဲ၊ အဓိကတော့ မြန်မာ များတာပဲ။ မြန်မာတွေက အသစ်ရောက်တဲ့သူတွေ များတယ်။ အထောက်အထားတွေက မရှိဘူး”
ဖမ်းဆီးခံရသူတွေကို အရင်က အာဏာပိုင်တွေနဲ့ညှိနှိုင်းပြီး ပြန်လည်ခေါ်ယူရတာ လွယ်ကူပေမဲ့ အခုတော့ လူတစ်ဦးကို မလေးရှား ရင်းဂစ် ကိုးထောင် (ကျပ်သိန်းကိုးဆယ်) အထိ ပေးရတယ်လို့ သူက ပြောပါတယ်။
ပြန်ခေါ်ဖို့ အဆင်မပြေတဲ့သူတွေကို မလေးရှား အာဏာပိုင်တွေက တရားမဝင် နေထိုင်မှုနဲ့ ထောင်ခြောက်လချပြီး မြန်မာပြည်ကို ပြန်ပို့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ထိုင်းဘက်ကနေတစ်ဆင့် မလေးရှားကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေအပါ နိုင်ငံခြားသား ၁၅ ဦးကို ကိုတာဘာရူးမြို့မှာ မလေးရှားအဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ မလေးရှား သတင်းတွေက ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ တစ်သိန်းကိုးသောင်းကျော် ရှိတဲ့အထဲမှာ တစ်သိန်းခုနစ်သောင်းဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။
Source from RFA BURMESE
Comments