မိုက်တိုင်ဆန်နှင့် ဟိုလီဖီးတို့၏ ၉၆ WBA ခါးပတ်ကို ပါရီတွင် လေလံတင်မည်။ ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်နဲ့ ဟိုလီဖီးတို့ရဲ့ ၁၉၉၆ ခုနှစ် လက်ဝှေ့ပွဲက WBA ခါးပတ်အပါအဝင် ဂန္ထဝင်ကစားသမား ၂၀၀ ကျော်ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပါရီမှာ လေလံတင်မှာဖြစ်ပါတယ်။
![shwethai.com](https://static.wixstatic.com/media/9f72b2_2cbee8b42326474a9fe800959c9ba5e3~mv2.jpg/v1/fill/w_865,h_480,al_c,q_85,enc_auto/9f72b2_2cbee8b42326474a9fe800959c9ba5e3~mv2.jpg)
ဂန္ထဝင်ကစားသမားတွေထဲမှာ ၁၉၉၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျာဆီ၊ တင်နစ်သမား ရော်ဂျာဖက်ဒါရာရဲ့ ရစ်ကဒ် စတဲ့ ထင်ရှားတဲ့ ပစ္စည်းတွေပါဝင်တာတွေ့ရပါတယ်။
ဒီလေလံကို ပါရီမြို့ရှိ အေဂတ်တက်စ်လေ့လံအဖွဲ့က ဦးစီးပြုလုပ်တာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။ လက်ဝှေ့အားကစားကနေ ရေခဲပြင်ဟော်ကီအားကစားအထိ ထင်ရှားတဲ့ကစားသမားတွေ လက်မှတ်ထိုးထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်ပါတယ်။
အားကစားနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေဟာ အမေရိကန် ဒါမှမဟုတ် ဗြိတိန်တို့မှာထက် ဥရောပမှာ ပိုပြီးနည်းပါးတယ်လို့ လေလံပွဲပြုလုပ်တဲ့ အေဂတ်တက်စ်ဒါရိုက်တာ မက်ဆီမီလန်အေဂတ်တက်စ်က ပြောပါတယ်။
“အားကစားပြိုင်ပွဲစွမ်းဆောင်ရည်တွေမှာ ဘာတွေ ကျန်ခဲ့လဲဆိုတော့ အမှတ်တရတွေပဲ ကျန် ခဲ့တာဖြစ်လို့ ဒီအမှတ်တရတွေကို ပြန်လည်အမှတ်ရစေဖို့ အဓိက မြှင့်တင်ပေးတာပါ။”
ဒီလေလံပွဲမှာ အထင်ရှားဆုံးအားကစားပစ္စည်းကတော့ ဟဲဗီးဝိတ်လက်ဝှေ့လောက အထင်ရှားဆုံးပွဲဖြစ်တဲ့ မိုက်တိုင်ဆန်နဲ့ ဟိုလီဖီးတို့ယှဉ်ပြိုင်ခဲ့တဲ့ ပထမပွဲရဲ့ ချန်ပီယံခါးပတ်ပဲဖြစ်ပါတယ်။
အဲ့ဒီပွဲမှာ ဟိုလီဖီးက အလဲထိုးဘုရင် မိုက်တိုင်ဆန်ကို အလဲထိုးအနိုင်ရခဲ့ကာ WBA ချန်ပီယံဆု ရရှိခဲ့တာဖြစ်ပါတယ်။ ၁၁ ချီမှာ အလဲထိုးနိုင်ခဲ့ပြီး စက်တင်ဘာလမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မိုက်တိုင်ဆန်ကို နိုဝင်ဘာလမှာပဲ ဟိုလီဖီးက အလဲထိုးပြနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ်လေလံပစ္စည်းတွေအနက် ဘောလုံးဂန္ထဝင်တွေဖြစ်တဲ့ မာရာဒိုနာ၊ ပီလီ၊ ဂန္ထဝင်လက်ဝှေ့ သမား မိုဟာမတ်အလီ တို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေပါဝင်ပါတယ်။ ဒီပစ္စည်းတွေရဲ့ ပိုင်ရှင်က တော့ မစ္စတာဂျီဆိုသူဖြစ်ပြီး လေလံမှာပါဝင်မဲ့ အသုံးအဆောင်တွေကလည်း ရင်းနှီးမြှုပ်နှံသူတွေကနေ အားကစားပရိသတ်တွေအထိ ပါဝင်ပါတယ်။
Source from DVB NEWS
Comentarios