top of page

ဗီယက်နမ်က ထိုင်းကောင်စစ်ဝန်ရုံးမှာ အလည်အပတ်ဗီဇာလျှောက်တဲ့ မြန်မာ ၁၀၀ ကျော် ပယ်ချခံရ

Writer's picture: Shwe ThaiShwe Thai

Updated: Nov 20, 2024

ဗီယက်နမ်က ထိုင်းကောင်စစ်ဝန်ရုံးမှာ အလည်အပတ်ဗီဇာလျှောက်တဲ့ မြန်မာ ၁၀၀ ကျော် ပယ်ချခံရပါတယ်။အလည်အပတ်ဗီဇာ(Tourist Visa)နဲ့ ထိုင်းမှာ ၂ လကြာနေထိုင်ဖို့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ရဲ့ ဗီဇာ လျှောက်ထားမှုကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံးကနေ ပယ်ချလိုက်တယ်လို့ ရုံးနဲ့ နီးစပ်သူတချို့က ပြောပါတယ်။


“ပယ်ချခံလိုက်ရတာ လူ ၁၀၀ ကျော်တယ်။ ဘာအကြောင်းပြချက်မှ မပေးဘဲ ပယ်ချလိုက်တာ” လို့ သူက ပြောပါတယ်။ “ထိုင်းမှာ ၂ လကြာနေထိုင်နိုင်တဲ့ အလည်အပတ်ဗီဇာက ယာယီလည်ပတ်ဖို့ ထုတ်ပေးထားတဲ့ ဗီဇာဖြစ်ပေမဲ့ မြန်မာတွေက ထိုင်းနိုင်ငံထဲ လပေါင်းများစွာကြာအောင် နေထိုင်နေတာကြောင့်” လို့ သိရတယ်လို့ဆိုပြီး ကောင်စစ်ဝန်ရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ် တစ်ဦးကပြောပါတယ်။


မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာတွေ အခုလိုပယ်ချခံရတာနဲ့ ပတ်သက်ပြီး ဘီဘီစီက ဟိုချီမင်းမှာရှိတဲ့ ထိုင်းကောင်စစ်ဝန်ရုံးကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

shwethai

ဗီယက်နမ်၊ ဟိုချီမင်းမြို့အခြေစိုက် ထိုင်းကောင်စစ်ဝန်ရုံး (ပုံဟောင်း)


ပြည်တွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးတဲ့နောက်မှာ မြန်မာလူငယ်တွေဟာ အလည်အပတ်ဗီဇာ ၂ လနဲ့ ထိုင်းကိုထွက်လာပြီးတဲ့နောက် ဗီဇာကို တစ်လချင်းစီ သက်တမ်းတိုးပြီး နေထိုင်နေကြတာဖြစ်ပါတယ်။


အလည်အပတ် ဗီဇာသက်တမ်း ၆ လပြည့်သွားရင်လည်း အိမ်နီးချင်းပြည်ပနိုင်ငံတစ်နိုင်ငံကို အထွက်ပြပြီး ထိုင်းနိုင်ငံထဲကို အလားတူ ဗီဇာနဲ့ ပြန်လည်နေထိုင်ကြတာများပါတယ်။

ဒီအခြေအနေကြောင့်ပဲ ထိုင်းဘက်က ဗီဇာအသစ်ထပ်ပေးဖို့ စဉ်းစားလာတာဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။


“ဗီဇာလျှောက်လို့ မရတော့ဘူးဆိုရင် ထိုင်းကို ၁၄ ရက်နဲ့ပဲ ပြန်ဝင်ရတော့မယ်။ ပြီးမှ ရေရှည်နေထိုင်နိုင်တဲ့ ဗီဇာနောက်တစ်မျိုးကို ထပ်လျှောက်ဖို့ လုပ်ရတော့မှာပေါ့”လို့ ဗီယက်နမ်မှာ အလည်အပတ်ဗီဇာ ပယ်ချခံခဲ့ရသူတစ်ဦးကပြောပါတယ်။


ပြည်ပအထွက်ပြပြီးမှ ထိုင်းနိုင်ငံအလည်အပတ်ဗီဇာလျှောက်တဲ့အခါမှာလည်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေထက် ဗီယက်နမ်က ဗီဇာလျှောက်တဲ့လုပ်ငန်းစဉ်က အချိန်ပိုပြီး တိုတောင်းတယ်လို့ ဗီဇာအကျိုးဆောင်တချို့က ပြောပါတယ်။


“ကမ္ဘောဒီးယားဆိုရင် တရားဝင် ၁၀ ရက်ကြာမယ်လို့ ကြေညာထားတာ၊ ဗီယက်နမ်မှာက ၅ ရက်ပဲ ကြာတယ်” လို့ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြပါတယ်။

တစ်ဖက်မှာလည်း ထိုင်းမှာ အလည်ပတ်ဗီဇာကို သက်တမ်းတိုးနေထိုင်နေပြီး ၆ လပြည့်ခါနီးဖြစ်နေတဲ့ မြန်မာတချို့ကလည်း လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကတဆင့် အလည်အပတ်ဗီဇာ လျှောက်လို့ရနေပေမယ့် အဲဒီနိုင်ငံတွေမှာရှိတဲ့ ထိုင်းသံရုံးတွေဘက်ကနေ ပယ်ချလာမလားဆိုတဲ့ စိုးရိမ်ချက်တွေရှိနေတယ်လို့ ပြောကြပါတယ်။


Source from BBC NEWS

၁၃ views၀ comments

Comments


bottom of page