top of page
Writer's pictureShwe Thai

ထိုင်းမှာ ရေကြီးမှုတွေအတွင်း ကြောက်လန့်နေတဲ့ ကလေးတွေကို လှေတွေနဲ့ ဘေးကင်းရာ ကယ်ဆယ်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ စက်တင်ဘာ ၁၂ ရက်က ရေကြီးမှုတွေအတွင်း ပိတ်မိနေခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၆၀ လောက်ကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့ ဘေးလွတ်ရာ ကယ်ဆယ်ပေးခဲ့ပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ ရေကြီးမှုတွေကတော့ ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံး ဖြစ်တယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးကြီးပြီး စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ချိန်မှာ စမတ်ခဟီ ဝစ်သာယာခွန်းမ် ကျောင်းက ကျောင်းသားကလေးငယ်တွေဟာ အဆောင်တခုမှာ ပိတ်မိရင်း ကြောက်လန့်ဖွယ်ညတညကို ဖြတ်သန်းခဲ့ရပါတယ်။


တိုင်ဖွန်းမုန်တိုင်း ယာဂီ စက်တင်ဘာ ၇ ရက်မှာ အရှေ့တောင်အာရှဒေသကို ဝင်ရောက်မှုကြောင့် မိုးကြီးမှုတွေ ဖြစ်ပေါ်ကာ ဗီယက်နမ်မြောက်ပိုင်း၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှာ ရေလွှမ်းမိုးမှုတွေကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ဒေသတွင်း လူသန်းချီတို့ဟာ ရေကြီးမှုတွေ၊ မြေပြိုမှုတွေနဲ့ ရင်ဆိုင်လုံးပန်းရလျက် ရှိပါတယ်။

ချင်းရိုင်မြို့ ရေကြီးမှုမှာ ပိတ်မိခဲ့တဲ့ ကျောင်းသားတဦးက သူကြုံတွေ့ခဲ့ရတဲ့ တုန်လှုပ်ဖွယ် အတွေ့အကြုံကို အေအက်ဖ်ပီကို ပြန်ပြောပြပါတယ်။


“တအားကို ကြောက်ခဲ့မိတယ်။ ဘာလို့လဲဆိုတော့ ရေတက်တာက အရမ်းကို မြန်လွန်းတာကြောင့် ပြင်ဆင်ဖို့တောင် အချိန်သိပ်မရှိခဲ့ဘူး” လို့ ကရိုင်ဝစ် အမည်ရ အသက် ၁၈ နှစ်အရွယ်ကျောင်းသားတဦးက ပြောပါတယ်။

“အဲဒီမှာ မနေ့က မွန်းလွဲ ၃ နာရီလောက်ကနေ ဒီနေ့အထိ ပိတ်မိနေခဲ့တာပါ။ အနီးအနားရွာတွေက ရွာသား အယောက် ၆၀၊ ၇၀ လောက်ဆိုရင်လည်း ရေကြီးမှုတွေကနေ ဘေးလွတ်ရာပြောင်းရွှေ့ခိုလှုံဖို့ ရေကူးပြီးသွားကြပါတယ်” လို့ ၎င်းက ပြောပါတယ်။


ရေက ရုတ်တရက်ချက်ချင်းဆိုသလို တက်လာတာဖြစ်တယ်လို့ ကယ်ဆယ်ရေးကြိုးပမ်းမှုတွေကို ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ ရိုမန် ကက်သလစ် ခရစ်ယာန်ဘုန်းကြီးတပါးဖြစ်တဲ့ ဖိလစ် ပွန်ချိုင်းက ပြောပါတယ်။

“ကလေးငယ်အယောက် ၈၀၀ လောက်ကို ဘေးကင်းရာကို ပြောင်းရွှေ့ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် ၆၀ လောက်ကို ရွှေ့ပြောင်းပေးဖို့ ကျန်နေခဲ့သေးတယ်” လို့ ၎င်းက အေအက်ဖ်ပီကို ပြောပါတယ်။

ရေလယ်ဗယ်တွေ ဆက်လက်မြင့်တက်ခဲ့တာနဲ့အတူ ကယ်ဆယ်ရေးသမားတွေဟာ စက်တင်ဘာ ၁၂ ရက်မှာ ကျန်ရှိနေသေးတဲ့ ကလေးတွေကို ကယ်ဆယ်ပေးထားနိုင်ခဲ့ပါတယ်။


“ချင်းရိုင်မှာ နေလာတာ ၁၀ နှစ်နီးပါး ရှိပြီ။ ဒီလောက်ထိ ပြင်းထန်တဲ့ ရေကြီးမှုမျိုးကို တခါမှ မတွေ့ခဲ့ဖူးဘူး။ ဒီက လူအများစုဆိုရင် ဒီလောက်အထိ ရေကြီးမှုမျိုး မြို့မှာ ဘယ်တုန်းက နောက်ဆုံးဖြစ်ခဲ့တယ်ဆိုတာကို မှတ်တောင်မမှတ်မိကြတော့ပါဘူး” လို့ ပွန်ချိုင်းက ပြောပါတယ်။

ပုံမှန်အနေနဲ့ စည်ကားနေတတ်တဲ့ ချင်းရိုင်မြို့လယ်လမ်းတွေမှာတော့ ခါးလယ်လောက်ရှိတဲ့ အညိုရောင်ရေတွေ ဖုံးလွှမ်းနေပြီး စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာတော့ တိမ်တွေကြားကနေ နေပြူထွက်ခဲ့ကာ မြို့ရဲ့ လမ်းဆုံတွေဟာဆိုရင်လည်း တူးမြောင်းတွေလိုမျိုး ဖြစ်နေခဲ့ပါတယ်။


ဒေသခံတချို့ကတော့ သူတို့ရဲ့ အိမ်တွေကနေ ယူလာတဲ့ အစားအသောက်တွေနဲ့ အခြား မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေထည့်ထားတဲ့ ပုံးတွေကို သယ်ရင်း ရေတောထဲ ဖြတ်လျှောက်ခဲ့ကြပါတယ်။

မြို့ရဲ့ နေရာအနှံ့မှာတော့ ကယ်ဆယ်ရေး ထရပ်ကားတွေနဲ့ လှေတွေဟာ ရေထဲ ဖြတ်သန်းသွားလာနေပြီး ပိတ်မိနေတဲ့ ဒေသခံတွေကို ရှာဖွေခဲ့ကြပါတယ်။


Source from MIZZIA NEWS

Comments


bottom of page