ထိုင်းအရှေ့တောင်ပိုင်း၊ လယောင်းခရိုင်၊ မာတာဖုဒ်မြို့နယ်၊ မာတာဖုဒ်စက်မှုဇုန်ရှိ ဓာတု စက်ရုံတခုမှာ စက်တင်ဘာ ၂၂ ရက် မွန်းတည့်ချိန်က မီးလောင်ပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Thai plastic and chemical ကုမ္ပဏီအမည်ရှိ အဆိုပါဓာတုစက်ရုံမှာ ပလပ်စတစ်နဲ့ ဓာတုပစ္စည်းထုတ်လုပ်ပြီး မနေ့ည ၁၂ နာရီ ၁၀ မိနစ်ခန့်က စက်ရုံအဆောင် ၄ ကနေ မီးခိုးလုံး တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အဲဒီနောက် မီးတောက်မီးလျှံနဲ့ ပေါက်ကွဲမှုတွေ မြင်ရကြားရပြီး စက်ရုံနဲ့ အနီးနားတဝိုက်နေပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ သက်ဆိုင်ရာက ကြေညာခဲ့ပါတယ်။
မီးသတ်ကားတွေက လာရောက် ငြိမ်းသတ်ရာမှာ ညနေ ၃ နာရီကျော်မှာ အပြီးငြိမ်း သတ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဓာတုအခိုးအငွေ့တွေကြောင့် မျက်လုံးကျိန်းစပ်တာ၊ နှာ မွှန်တာ၊ အသက်ရှုမဝတာ စတာတွေဖြစ်တတ်လို့ စက်ရုံအလုပ်ရုံကလုပ်သားနဲ့ အနီးနားရပ်ကွက်က လူတွေ ခေတ္တတိမ်းရှောင်ခဲ့ရတယ်လို့ စက်ရုံမှူးက သတင်းထောက်တွေကို ပြောပါတယ်။
ညနေပိုင်းမှာ စက်ရုံတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပြီး ဖြစ်စဉ်အတွက်ပတ် ဝန်းကျင်နေပြည်သူတွေကို တောင်းပန်ကြောင်း၊ ဓာတ်ငွေ့ယိုစိမ့်ရာက မီးလောင်မှုဖြစ်ပွါးတာလို့ ကနဦးစုံစမ်းသိရှိရပြီး အသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှုပမာဏကိုတော့ မသိရသေးဘူး။ စက်ရုံမီးလောင်မှုမှာ လူထိခိုက်သေဆုံးမှုတစုံတရာမရှိဘူးလို့ ပြောပါတယ်။
လောလောဆယ် စက်ရုံနဲ့ အနီးတဝိုက်ရပ်ကွက်ပေါင်း ၄၀ ကပြည်သူတွေ ဓာတုငွေ့ တိမ်းရှောင်နေတယ်၊ စက်ရုံအနေနဲ့ သက်ဆိုင်ရာတာဝန် ရှိသူတွေနဲ့ ပူးပေါင်းကာ လေထုညစ် ညမ်းမှုပမာဏတိုင်းထွာတာနဲ့ လေထုသန့်ရှင်းရေး တွေဆောင်ရွက်နေတယ်၊ အရေးကိစ္စရှိပါက စက်ရုံဖုံးနံပါတ် ၀၈၉ ၂၀၄ ၇၃၉၅ နဲ့ ၀၃၈ ၆၈၃ ၁၃၈ ကို ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ စက်ရုံတာဝန်ရှိသူက ပြောသွားပါတယ်။
Source from DVB NEWS
Comments