ထိုင်းမှာ လုပ်သား လေးရာနဲ့အထက်ရှိတဲ့ စက်ရုံတွေကို ရွှေ့လျားစနစ်နဲ့ ပတ်စပိုစ့် သက်တမ်းတိုးပေးမည်။
ထိုင်းနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေမှာ မြန်မာလုပ်သား လေးရာနဲ့အထက်ရှိရင် အဲဒီစက်ရုံ၊ အလုပ်ရုံတွေမှာပဲ ရွှေ့လျားစနစ် (Mobile Team) ပုံစံနဲ့ နိုင်ငံကူးလက်မှတ် (ပတ်စပိုစ့်) သက်တမ်းတိုးပေးမယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီဇင်ဘာလ ၇ ရက် မနေ့ကထုတ်ပြန်ပါတယ်။
နိုင်ငံကူးလက်မှတ်နဲ့ CI လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificate of Identity (CI) ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်း ၂ နှစ်သက်တမ်းရှိ ယာယီနေထိုင် အလုပ်လုပ်ခွင့် (Work Permit / Visa) ပေးမယ်လို့ ထိုင်းအစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ကြေညာခဲ့တာပါ။
ဒါ့ကြောင့် နိုင်ငံကူးလက်မှတ်နဲ့ CI စာအုပ်တွေ သက်တမ်းတိုးဖို့လိုအပ်ပြီး နိုင်ငံကူးလက်မှတ်သက်တမ်းဟာ အနည်းဆုံး ၂ နှစ်နဲ့ ၆ လ ကျန်ရှိဖို့ လိုအပ်တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ပြောပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ ရှိသူတွေအနေနဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအတွက် လုပ်ငန်းခွင်ကို လာရောက်ဆောင်ရွက်ပေးမှာ ဖြစ်တာကြောင့် လုပ်သားစာရင်းကို သတ်မှတ်ပုံစံဖြည့်ပြီး လုပ်ငန်းခွင် HR မန်နေဂျာ ထောက်ခံချက်နဲ့အတူ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတို့ရဲ့ ကောင်စစ်ဌာနကို ဒီဇင်ဘာလ ၉ ရက်နေ့ကစပြီး လာရောက်တင်ပြနိုင်တယ်လို့ ဆိုပါတယ်။
တစ်ဦးချင်းအနေနဲ့လည်း နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းကုန်ချိန်ရောက်ရင် ဘန်ကောက်က မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) မှာ စာအုပ်အသစ်လုပ်တာနဲ့ ထောက်ခံချက်လုပ်တာတွေ ဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမား သုံးသန်းကျော်ရှိနေတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောထားပါတယ်။
Source from RFA BURMESE
Comments