top of page

စင်္ကာပူဝန်ကြီးဟောင်း လာဘ်စားမှုနဲ့ ထောင် ၁ နှစ်ကျ

Writer's picture: Shwe ThaiShwe Thai

စင်္ကာပူနိုင်ငံမှာ အစိုးရဝန်ကြီးဟောင်းတဦးကို ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိတဲ့ လက်ဆောင်ပဏာတွေ မလျော်မကန် လက်ခံခဲ့မှု၊ တရားစီရင်ရေးကို အနှောက်အယှက်ပြုမှုတို့နဲ့ ထောင်ဒဏ်တနှစ် ဒီကနေ့ ချမှတ်ခံလိုက်ပါတယ်။ အစိုးရအုပ်ချုပ်ရေးမှာ လာဘ်စားမှုကင်းတဲ့ နိုင်ငံတခုအဖြစ် ကျော်ကြားတဲ့ စင်္ကာပူမှာ ခုလို အစိုးရအဖွဲ့ ဝန်ကြီးဟောင်းတဦး ပြစ်ဒဏ်ချခံရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ကုန်သွယ်ရေး၊ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးဌာနဝန်ကြီးအဖြစ် အစိုးရအဖွဲ့ထဲမှာ ၁၃ နှစ်ကြာတာဝန်ထမ်းခဲ့တဲ့ S. Iswaran ကိုယ်တိုင်ကလည်း မယူသင့်တဲ့ လက်ဆောင်ပဏာတွေ လက်ခံရယူခဲ့တာနဲ့ ဆက်စပ်ပြီး အမှု ၄ မှု၊ တရားစီရင်ရေးကို နှောက်ယှက်တဲ့ အမှု ၁ မှု နဲ့ သူ့မှာ အပြစ်ရှိကြောင်းကို ပြီးခဲ့တဲ့သီတင်းပတ်က ဝန်ခံခဲ့ပါတယ်။


သူ့အမှုတွေအတွက် ထောင်ဒဏ် ၆ လကနေ ၇ လအထိ ပြစ်ဒဏ်ပေးဖို့ တရားစွဲဆိုသူတွေဘက်က တင်ပြခဲ့တာထက်တောင် ပိုပြီး ပြင်းထန်တဲ့ ၁ နှစ်အထိ ထောင်ဒဏ်ကို တရားသူကြီးက အမိန့်ချ ခဲ့ပါတယ်။ ဝန်ကြီးဟောင်း Iswaran ကျူးလွန်တဲ့ အမှုတွေရဲ့ ကြီးလေးမှုနဲ့ အများပြည်သူ ယုံကြည်မှု ပျက်ပြားအောင် လုပ်ခဲ့တာတွေကို ကြည့်ရင် ထောင်ဒဏ် ၆ လလောက်နဲ့ မလုံလောက်တာကြောင့် ခုလို စီရင်ခံတာြဖစ်ကြောင်း သူ့အမှုကို စီရင်တဲ့ တရားသူကြီး Vincent Hoong က ပြောပါတယ်။


ထိရောက်တဲ့ အုပ်ချုပ်ရေးစနစ်တရပ် ဖြစ်ဖို့မှာ အစိုးရဌာနတွေအပေါ် လူထုရဲ့ ယုံကြည် ကိုးစားမှုက အဓိကကျတဲ့ အခြေခံအုတ်မြစ် ဖြစ်တဲ့အကြောင်းနဲ့ ပြည်သူ့ဝန်ထမ်း တဦးက ခုလို စံနှုန်းတွေကို ချိုးဖောက်လိုက်တာက အုပ်ချုပ်ရေးကို ထိခိုက်အောင် လုပ်ဆာင်ရာကျတယ်လို့ တရားသူကြီး Vincent Hoong က ပြောပါတယ်။


အစိုးရဝန်ထမ်းတွေကို လစာ ကောင်းကောင်းပေးသလို၊ လာဘ်စားမှုကင်းပြီး ထိရောက် ခိုင်မာတဲ့ အုပ်ချုပ်ရေး စနစ်ရှိတဲ့ နိုင်ငံတခုအဖြစ် ဂုဏ်ယူဝံ့ကြွားလေ့ရှိတဲ့ စင်္ကာပူမှာ အခုဖြစ်ရပ်က လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ ကမ္ဘာတဝန်း အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်ပြီး နှစ်စဥ် လေ့လာထုတ်ပြန်နေတဲ့ Transparency International အဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ်က အစီရင်ခံစာအရ စင်္ကာပူနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အနည်းဆုံး ထိပ်ဆုံး ၅ နိုင်ငံစာရင်း ပါဝင်ပါတယ်။


Source from VOA BURMESE

၃ views၀ comments

Comments


bottom of page