top of page
Writer's pictureShwe Thai

စက်သုံးဆီကို စမတ်ကတ်စနစ်နဲ့ ရောင်းချဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

နိုင်ငံတစ်ဝန်းက စက်သုံးဆီဆိုင်တွေမှာ စမတ်ကတ်စနစ် အသုံးပြုပြီး စက်သုံးဆီကို အကန့်အသတ်နဲ့ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက အောက်တိုဘာ ၄ ရက် ဒီနေ့မှာ RFA ကို အတည်ပြုပြောပါတယ်။

ဒီစနစ်မှာ စက်သုံးဆီတွေကို လိုသလောက် ဝယ်လို့ရမှာမဟုတ်ဘဲ အကန့်အသတ်နဲ့ တစ်နေ့ကို တစ်ကြိမ်သာ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။


စက်သုံးဆီကို အလွယ်တကူ ဝယ်လို့မရအောင် စမတ်ကတ်စနစ် ပြောင်းလဲလိုက်တာက စစ်ကောင်စီဘက်က ဈေးကွက်ကို ထိန်းချုပ်လိုက်တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။


“တစ်ခါသွားထည့်ရင် တစ်ဂါလံ ပေးမှာလား။ နှစ်ဂါလံ ပေးမှာလား။ လီတာ ဘယ်လောက်ပေးမလဲ။ အဲဒီပေါ်မှာတော့ မူတည်နေတယ်။ အဲဒီလိုမျိုး ကန့်သတ်တယ် ဆိုရင်တော့ဗျာ၊ ကျွန်တော်တို့ တစ်နေ့တစ်နေ့ ရှိတဲ့အသုံးနဲ့ကတော့ မလောက်ငဘူးဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အပြင်မှာဝယ်ရမှာပေါ့။ ကျွန်တော်ကတော့ မကြိုက်ဘူးပေါ့ဗျာ။ ရှင်းရှင်းလေးရယ်။ ကျွန်တော်တို့ အရင်တုန်းက လိုရင်လိုတဲ့အချိန် သွားထည့်ရတာ ဒီလိုပဲ ဖြစ်နေသင့်တာပေါ့”


ဒီလို စမတ်ကတ်စနစ်နဲ့ ကန့်သတ်ပြီး ရောင်းချတာကြောင့် စက်သုံးဆီဈေးကွက်မှာ မှောင်ခိုဈေးကွက် ထွက်ပေါ်လာနိုင်သလို စက်သုံးဆီကို နေ့စဥ်အသုံးပြုပြီး လုပ်ငန်း လည်ပတ်နေရသူတွေလည်း ခက်ခဲသွားနိုင်တယ်လို့ ပြောပါတယ်။


စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက တာဝန်ရှိသူတစ်ဦးကတော့ စမတ်ကတ်စနစ်ကို အကောင်အထည်ဖော်ဖို့ စီစဥ်နေတယ်လို့ အောက်တိုဘာ ၄ ရက်နေ့မှာ RFA ကို အတည်ပြုပြောပါတယ်။ ဘယ်အချိန်မှာ စတင် ရောင်းချသွားမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မပြောသွားပါဘူး။


စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်ထားတဲ့ အောက်တိုဘာ ၄ ရက်နေ့ ရည်ညွှန်းစျေးမှာတော့ အောက်တိန်း-၉၂ အမျိုးအစား ဓာတ်ဆီ တစ်လီတာကို ၂၉၅၅ ကျပ်နဲ့ ဒီဇယ် တစ်လီတာကို ၂၅၇၀ ကျပ် သတ်မှတ်ထားပါတယ်။


ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့ သြဂုတ်ကစပြီး စက်သုံးဆီ ပြတ်လပ်ခဲ့ပြီး လိုသလောက် ဝယ်ယူလို့မရဘဲ နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ကြရပါတယ်။


Source from RFA BURMESE

၃ views၀ comments

Commentaires


bottom of page