top of page
Writer's pictureShwe Thai

ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပြီး လူ ၆ ဦး သေဆုံး

ဂျပန်နိုင်ငံမှာ ယခုနှစ်ထဲ ငလျင်ဒဏ်ကြုံထားခဲ့ရတဲ့ ကျွန်းဆွယ်ဒေသတခုမှာ အခုရက်ပိုင်း မိုးကြီးမှုတွေကြောင့် ရေလွှမ်းမိုးမှုတွေနဲ့ မြေပြိုမှုတွေဖြစ်လို့ လူခြောက်ဦးထက်မနည်း သေဆုံးတယ်လို့ ပြည်တွင်းမီဒီယာတွေက စက်တင်ဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။

ရေကြီးမှုတွေကြောင့် လူခြောက်ဦး သေဆုံးတယ်လို့ NHK ရုပ်သံဌာနနဲ့ အခြားသတင်းဌာနတွေက ဖော်ပြသလို တချိန်တည်းမှာပဲ လူတဦး သေဆုံးပြီး ငါးဦးဟာ နှလုံးခုန်မှု ရုတ်တရက်ရပ်ပြီး အသက်ပါမရှုနိုင်တော့တဲ့ အခြေအနေအောက်မှာ ရှိနေတယ်ဆိုပြီး မီးသတ်ဌာန အရာရှိတဦးက အေအက်ဖ်ပီကို ပြောပါတယ်။ နှလုံးခုန်မှု ရုတ်တရက်ရပ်ပြီး အသက်ပါမရှုနိုင်တော့တဲ့ အခြေအနေဆိုတာက ဂျပန်မှာ သေဆုံးပြီလို့ ဆရာဝန်တယောက်က အတည်ပြုနိုင်တဲ့ အဆိုးဆုံးကြုံရမယ့်အခြေအနေမတိုင်မီ အသုံးပြုတဲ့ အသုံးအနှုန်းတခုဖြစ်ပါတယ်။

လူ နှစ်ဦး ပျောက်နေပြီး အခြားရှစ်ဦးရဲ့ အခြေအနေကို မသိရသေးဘူးဆိုပြီး အီရှီကာဝါ စီရင်စုရဲ့ ဒေသအစိုးရက ပြောပါတယ်။


စက်တင်ဘာ ၂၁ ရက်ကစပြီး အီရှီကာဝါ စီရင်စုမှာ မိုးသည်းကြီးမည်းကြီး ရွာပြီး အဲဒီစီရင်စုရဲ့ ဝါဂျိမမြို့မှာ ၇၂ နာရီအတွင်း မိုးရေချိန် ၅၄၀ မီလီမီတာ (၂၁ လက်မ) ကျော် ရှိခဲ့ကာ ဒါဟာ နှိုင်းယှဉ်လေ့လာတဲ့ ဒေတာအချက်အလက်တွေ ပြုစုပြီးနောက်ပိုင်း အပြင်းထန်ဆုံး မိုးဆက်တိုက် ရွာသွန်းမှုလည်း ဖြစ်ပါတယ်။

အဲဒီဒေသဟာ ယခုနှစ်စပိုင်းတုန်းက ပြင်းအား ၇ ဒသမ ၅ အဆင့် ငလျင်တခုဒဏ် ခံခဲ့ရပြီး အဲဒီငလျင်ကြောင့် အဆောက်အအုံတွေ ပြိုကျပြီး ဆူနာမီလှိုင်းတွေကို ဖြစ်စေခဲ့သလို အဓိကမီးလောင်မှုတခုကိုလည်း ဖြစ်စေခဲ့တာဖြစ်ပါတယ်။


လူပေါင်း ၃၇၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ နှစ်သစ်ကူးနေ့ ငလျင်ကြောင့် နေအိမ်တွေ ဆုံးရှုံးခဲ့ကြရသူတွေအတွက် တည်ဆောက်ပေးထားတဲ့ အရေးပေါ်အိမ်ခန်းနေရာမှာလည်း အခုရေကြီးမှုကြောင့် ရေလွှမ်းခံလိုက်ရတယ်လို့ အီရှီကာဝါ အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။


စက်တင်ဘာ ၂၃ ရက်မှာ မိုးရွာသွန်းပြီးနောက် အိမ်ထောင်စု ၄,၀၀၀ လောက် လျှပ်စစ်မီးပြတ်တောက်နေခဲ့တယ်လို့ ဟော့ကူရီကူ လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီအရ သိရပါတယ်။


မြေပြိုမှုတွေကြောင့် လမ်းတွေ ပိတ်ဆို့သွားလို့ စီရင်စုရဲ့ နယ်မြေအရပ်ဒေသ ၁၀၀ ကျော်ဟာ အဆက်ပြတ်တောက်ပြီး သီးခြားဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။


အသက် ၅၄ နှစ်ရှိ ဝါဂျိမမြို့ ဒေသခံအမျိုးသမီးတဦးဖြစ်တဲ့ အာခီမီ ယာမာရှီတာက အေအက်ဖ်ပီကို ပြောကြားရာမှာ သူဟာ စက်တင်ဘာ ၂၁ ရက်တုန်းက ကားမောင်းနေတုန်း နာရီဝက်လောက်အတွင်းမှာ ရေတွေက လမ်းပေါ် လှိမ့်ဝင်လာပြီး ချက်ချင်းဆိုသလို သူကားရဲ့ အမြင့်တဝက်လောက်အထိ တက်လာခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်မ မနေ့တုန်းက ဝါဂျိမမြို့ရဲ့ အခြားဒေသခံတွေနဲ့ စကားပြောခဲ့ပါတယ်။ ဒီမြို့မှာ နေရတာက တကယ့်ကို စိတ်သောကရောက်ရတယ်လို့ သူတို့က ပြောကြတယ်။ အဲဒီလိုကြားရတော့ ကျွန်မမျက်ရည်လည်မိတယ်” လို့ ယာမာရှီတာက ပြောပါတယ်။ ငလျင်နဲ့ ရေကြီးမှုတွေဟာ ရုပ်ရှင်ဇာတ်ကားတခုထဲက လိုမျိုး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။


ဝါဂျိမမြို့မှာ စက်တင်ဘာ ၂၂ ရက်တုန်းက အပိုင်းပိုင်းပြတ်နေတဲ့ သစ်ကိုင်းတွေနဲ့ အမြစ်ကျွတ်နေတဲ့ သစ်ပင်တွေဟာ မြစ်တစင်းကို ဖြတ်တည်ဆောက်ထားတဲ့ တံတားတစင်းမှာ လာစုပုံနေပြီး အဲဒီမှာ အရှိန်ပြင်းပြင်း စီးဆင်းနေတဲ့ အညိုရောင်ရေတွေဟာ တံတားအောက်ခြေနားထိ ရောက်လုနီးပါး ရှိနေပါတယ်။


ကယ်ဆယ်ရေးလုပ်သားတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အခုသီတင်းပတ်ကုန်မှာ စစ်ဖက်တပ်ဖွဲ့ဝင်တွေကိုလည်း အီရှီကာဝါဒေသကို လွှတ်ထားသလို ဒေသခံသောင်းချီတို့ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။


Source from MIZZIMA DAILY NEWS


၅ views၀ comments

Comments


bottom of page