top of page
Writer's pictureShwe Thai

ကံပိုင်တည် နယ်စပ်ဂိတ်ကို ကုန်ပစ္စည်းအကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်

ကံပိုင်တည် နယ်စပ်ဂိတ်ကို ကုန်ပစ္စည်းအကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်။ တရုတ် - မြန်မာနယ်စပ်၊ ကချင်ပြည်နယ် ကံပိုင်တည် - ဟိုချောင် နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၅ ရက် မနက်ကစပြီး ငှက်ပျောကားတွေ ဖြတ်သန်းသွားခွင့်ပြုပြီဖြစ်ကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေနဲ့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

shwethai.com

နယ်စပ်ကုန်သည် လုပ်ငန်းရှင်တယောက်က “စနေနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကတည်းက ငှက်ပျောတော့ ဝင်လို့ရမယ်လို့ ပြောတယ်။ ငှက်ပျောကားက သွားလို့ရတယ်” လို့ ပြောပါတယ်။


ကုမ္ပဏီတွေအားလုံးအနေနဲ့ သက်ဆိုင်ရာ ပြင်ဆင်မှု ပြုလုပ်နိုင်ဖို့နဲ့ ကုန်စည်တင်သွင်းမှု ဆိုင်ရာ အကောက်ခွန်ရှင်းလင်းမှုကို နိုဝင်ဘာ ၂၄ ရက်ကစပြီး ပြုလုပ်နိုင်ကြောင်း နိုဝင်ဘာ ၂၃ ရက်က တရုတ်ဘက်က WeChat ကနေ အသိပေးစာတွေ ဖြန့်ဝေထားတယ်လို့ သူက ပြောပါတယ်။


လုံခြုံဘေးကင်းရေးအတွက် အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်းလည်း သတိပေးထားတယ်လို့ ဆိုပါတယ်။


ဒေသခံ အမျိုးသမီးတယောက်က “ကံပိုင်တည်ဂိတ် ဖွင့်တယ်၊ ကားသွားလို့ရတယ် ဆိုတာ ပုံသေဖွင့်တာမျိုးတော့ မဟုတ်ဘူး။ တရုတ်နိုင်ငံဘက်က သူတို့ပစ္စည်း ပိတ်မိနေတာတွေ လာသယ်ယူတာလို့လည်း ကြားနေတယ်” လို့ ပြောပါတယ်။


တရုတ်ဘက်ကတော့ မြန်မာဘက်ခြမ်းရောက်သွားတဲ့ ပစ္စည်းတွေကိုတောင် ပြန်လည်လုယူ ဖမ်းဆီးတာတွေအထိ လုပ်လာနေတာ ဗွီဒီယိုဖိုင်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။


နယ်စပ်ဒေသခံ အမျိုးသားတယောက်က “တရုတ်နိုင်ငံသားတွေ တရုတ်ဘက် ဝင်လာလို့ရတယ်။ ပြန်ထွက်လာလို့ မရဘူး။ မြန်မာနိုင်ငံသားတွေ တရုတ်ဘက်ကနေ ထွက်လာလို့ရတယ်။ တရုတ်ဘက် ပြန်ဝင်လို့ မရဘူး။ လိုင်ဇာဘက်လည်း အဲလိုလုပ်လာပြီးနောက် လုံးဝ အဝင်အထွက်မရအောင် ပိတ်လိုက်တာ” လို့ ပြောပါတယ်။


လတ်တလောမှာတော့ ပုပ်ပျက်လွယ်တဲ့ ငှက်ပျောကားတွေကိုသာ မြန်မာဘက်ခြမ်းက အထွက် ခွင့်ပြုထားပြီး တခြား ကုန်စည်တွေ၊ တွင်းထွက် သယံဇာတပစ္စည်းတွေကိုတော့ KIA ဘက်က ပိတ်ထားသလို တရုတ်ဘက်ကလည်း ဘာကုန်ပစ္စည်းမှ သယ်ဆောင်လို့မရကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။


ကံပိုင်တည် နယ်စပ်ဂိတ်ကိုတော့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ အကြား စစ်ရေးအခြေအနေကြောင့် အောက်တိုဘာ ၁၈ ရက်ကစ ကားတွေ ဖြတ်သန်းခွင့် ပိတ်ထားတာဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်မှာတော့ ကံပိုင်တည်မြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်‌ေကြာင်း ဒေသခံတွေက ပြောပါတယ်။


Source from DVB NEWS

၃ views၀ comments

Comments


bottom of page